Me and Internet.

ဟိုးရှေးရှေးတုန်းက.....တော့မဟုတ်ပါဘူး။ လွန်ခဲ့သောဆယ်စုနှစ်တစ်ခု ရဲ့အလယ်ပိုင်း ၁၉၉၅ ၀န်းကျင်လောက်..။စက်ဘီးစီးရင် ပါးလေးတွေပါနီပြီး ထုံလာတတ်တဲ့ လွိုင်ကော်မြို့ရဲ့ ချမ်းချမ်းစီးစီး ဆောင်းရာသီမနက်ခင်း တစ်ခုကို ကျွန်တော်သတိရသေးတယ်။ အဲဒီနေ့က အအေးနဲနဲပိုလို့ကျွန်တော်ရဲ့တစ်ထည်တည်းသောဂျင်းဂျတ်ကတ်ကို စက်ထိုးဆွယ်တာအကျီပေါ်ကနေ ထပ်ဝတ်ထားရတယ်။ နောက် ... BMX စက်ဘီးလေးကို ပွဲခင်းရှိတဲ့ လေယဉ်ကွင်းဘက် ခပ်သွက်သွက်နင်းလာခဲ့တယ်။ အဲဒီရက်ပိုင်းက ကယားဒေး အထိမ်းအမှတ်နဲ့ လေယဉ်ကွင်း နားကကွင်းပြင်မှာ ပွဲခင်းကြီး ရှိတယ်လေ။ ညဖက်ပဲ ပွဲခင်းကစည်တာဆိုပေမယ့် နေ့ခင်းဘက်လဲ ဆိုင်ခန်းတွေဖွင့်ထားတတ်ပါတယ်။ ပွဲခင်းထဲက ပညာရေးပြခန်း တစ်ခု မှာ ကျွန်တော့်သူငယ်ချင်းတွေ ပြောတဲ့ ကွန်ပျူတာ ဆိုတာကိုသွားကြည့်မလို့ပါ။ နောက်တော့ ဆရာမ တစ်ယောက်ကဘေးကနေ စောင့်နေပြီး ကျွန်တော့်ဘ၀မှာ ပထမဦးဆုံးအကြိမ် မောက်စ်ကို ကိုင်ခွင့်ရခဲ့တယ်။ Windows95 ဖြစ်လိမ့်မယ်ထင်တယ်။ သူကကျွန်တော့်ကို Microsoft Paint ဖွင့်ပေးလိုက်တယ်။ ကျွန်တော်က ခဲတံလေးတွေ ခဲဖျက်လေးတွေ နောက် အရောင်ချယ်တဲ့ Tools တွေကို စမ်းကြည့်ပြီး သဘောအကျကြီးကျခဲ့တယ်။ ဒါက ပထမဆုံးကွန်ပျူတာအတွေ့အကြုံပါ။ ၁၅ မိနစ်လောက်ပဲကြာခဲ့တယ်။ ဒီပစ္စည်းမျိုးနဲ့အသက်မွေးရလိမ့်မယ်လို့ မစဉ်းစားခဲ့မိဘူး....။

နောက် ၁၀ နှစ်လောက်ကြာတော့ ကျွန်တော့်ရဲ့ ပထမဦးဆုံး Google အကောင့်ကို MICT ရဲ့ Java စာသင်ခန်းထဲမှာဖွင့်ပြီး မေးပို့နေပါပြီ။
နောက် ၃ နှစ်လောက်အကြာမှာပဲ ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံးကိုယ်ပိုင်လုပ်ငန်းအနေနဲ့ Cyber Cafe တစ်ခုကို ချိုင်းနာတောင်းမှာ ဖွင့်ဖြစ်ခဲ့တယ်။
နောက်နှစ်မှာပဲ စင်္ကာပူက Small ISP လို့ပြောလို့ရတဲ့ ကုမ္ပဏီလေး တစ်ခုမှာ NOC Engineer အဖြစ် လုပ်ခွင့်ရခဲ့တယ်။ Internet ရဲ့ ကန့်လန့်ကာ နောက်အတွင်းရေးတချို့ကို မြင်ခွင့်ရခဲ့တယ်။
၂ နှစ်လောက် လုပ်ပြီးတော့ကျွန်တော်သိပ်လုပ်ချင်တဲ့ ISP ခပ်ကြီးကြီးမှာသူတို့ရဲ့ Broadband Network ကို Maintain လုပ်တဲ့ Team မှာနေရာလွပ်တာမို့ သူတို့ထဲကိုပြောင်းနိုင်ခဲ့တယ်။
ဒီဟာ အင်တာနက်ရဲ့ မြေပုံတဲ့။ Google ကပြောတာပါ။ logical ပုံဖြစ်ပါလိမ့်မယ်။ ဒီပုံအရကြည့်မယ်ဆိုရင် ကျွန်တော်ဟာခု အပြာရောင် Router လိုအဆင့် မျိုးမှာ ကံကောင်းထောက်မစွာနဲ့ Operate လုပ်ခွင့်ရခဲ့တယ်။





ပျော်စရာတွေ ရယ်စရာတွေ လေ့လာစရာတွေ အားလုံးကို ဒီ Internet ကပဲရခဲ့တယ်။ ကျွန်တော့်ရဲ့ပညာရေး အလုပ်အကိုင် ရဲ့ ရာခိုင်းနုန်း တော်တော်များများ ကိုလဲ သူပဲစိုးမိုးနေခဲ့တယ်.............။ Spamming တွေ Malware တွေ Virus တွေ ကိုခဏမေ့ထားပြီး ဒီအကျိုးများလှတဲ့ Internet ဟာ ကျွန်တော့်အတွက်တော့ အပျင်းဖြေစရာထက် မကခဲ့ပါဘူးလို့ပဲပြောချင်ပါတယ်။

0 comments:

Post a Comment